Thursday 26 January 2012

မြန်မာမုဒိတာလူငယ်များအဖွဲ့ စတင်ပေါ်ပေါက်လာခဲ့ခြင်းအကြောင်း

နိုင်ငံအသီးသီးမှ ဘလော့ဂါ ညီအကို မောင်နှမများ စုရုံး တိုင်ပင်ပြီး လူမှုကူညီရေး အဖွဲ့ အစည်းလေး တစ်ခု ဖွဲ့စည်းဖြစ်ကြသည်။ အားလုံး သဘောတူညီကြသည့်အတိုင်း အဖွဲ့အစည်း နာမည်လေးကို " မြန်မာ မုဒိတာ လူငယ်များအဖွဲ့" (Myanmar Mudita Youth Group {MMYG}) ဟူ၍ ကင်မွန်းတပ်ခဲ့ကြလေသည်။ ထို "မြန်မာမုဒိတာလူငယ်များအဖွဲ့" ကို ဖွဲ့စည်းခဲ့သည်မှာ တစ်လပင် ကောင်းကောင်း မပြည့်တတ်သေးပေ။ ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် စက်ဆန်းမီးဘေးမှ တစ်ဆင့် ထိုအဖွဲ့အစည်း ပေါ်ပေါက်လာခြင်းဖြစ်သည်။ အမှန်ဆိုရလျှင် ၁.၁.၂၀၁၂ တနင်္ဂနွေနေ့ မှ စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ 




အဖွဲ့ဝင်လူငယ်များ၏ နိုးကြားတက်ကြွမှုကြောင့် ဗွေဆော်ဦးအနေဖြင့် စက်ဆန်းမီးဘေးသင့် ပြည်သူများကို အလှူငွေ ကျပ် နှစ်ဆယ့်တစ်သိန်းကျော် ပေးလှူနိုင်ခဲ့သည်။ အလွန် ကြည်နူးစရာ ကောင်းပါသည်။ သူတစ်ပါးအား ပေးလှူ ရာ၌ ဖြစ်ပေါ်လာသည့် ၀မ်းသာကြည်နူးမှုသည် မည်သည့်အရာနဲ့မှ မတူသော ကြည်နူးမှု တစ်ခုပင်ဖြစ်သည်။ အလိုလိုနေရင်း ပျော်ရွှင်ကြည်နူးနေတတ်လေသည်။ သူတစ်ပါး အဆင်ပြေနေသည်ကြည့်ပြီး ၀မ်းသာကြည်နူးနေခြင်းကိုပင် မုဒိတာဟု ခေါ်ဆိုလေသည်။ ထိုကဲ့သို့ သူတစ်ပါး ကြည်နူးမှုကို ထပ်ဆင့် ကြည်နူးရသည့် မုဒိတာစေတသိက်ကလေးကိုပင် အစွဲပြု၍  ဤ အဖွဲ့အစည်းလေးအား "မြန်မာမုဒိတာလူငယ်များ အဖွဲ့ "ဟု အမည်ပေးဖြစ်ခဲ့ကြခြင်းဖြစ်သည်။

"မြန်မာမုဒိတာလူငယ်များအဖွဲ့" ဟု နာမည်ပေးထားသော်လည်း ထိုအဖွဲ့အစည်းသည် မုဒိတာ သက်သက်ဖြင့် အလုပ်လုပ်ကြသည်တော့မဟုတ်။ မေတ္တာ (တစ်သွေးတစ်သားထဲကဲ့သို့ ချစ်ခင်ခြင်း)ကို အခြေခံပြီးမှ အလုပ်လုပ်သည်။ ကရုဏာ (ဒုက္ခရောက်နေသူများကို တွေ့မြင်ရသောအခါ သနားခြင်း)ကို ပင်တိုင်ပြုပြီး အလုပ်လုပ်သည်။ ထိုမေတ္တာ ကရုဏာတို့မှ တစ်ဆင့် ကူးပြောင်းလာသည့် မုဒိတာ (သူတစ်ပါး အဆင်ပြေနေသည်ကို ကြည့်ပြီး ၀မ်းမြောက်ကြည်နူးခြင်း) ကို ကိုယ်စားပြုပြီး အလုပ်လုပ်သည်။။ ထိုမှတစ်ဆင့် အခက်အခဲ ပေါင်းစုံကြုံတွေ့ရလျှင်လည်း မညီးမညူ ဒေါသမပွါးဘဲ ဥပေက္ခာ (ချစ်ခြင်းမုန်းခြင်း အလျဉ်းမရှိခြင်း) ထားနိုင်အောင် ကြိုးစားပြီး အလုပ်လုပ်သည်။ "မြန်မာမုဒိတာလူငယ်များအဖွဲ့"အနေဖြင့် ဗြဟ္မာကြီးများကဲ့သို့ မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာတည်းဟူသော ဗြဟ္မစိုရ်တရား လေးပါးကို အပီအပြင် မကျင့်သုံးနိုင်သည့်တိုင် အမှန်တကယ် အကူအညီ လိုအပ်နေသည့် သူများကို စွမ်းနိုင်သလောက် ကူညီမှုများ လုပ်ဆောင်သွားမည် ဖြစ်ပါသည်။


 အဖွဲ့အစည်းနာမည်ကို အဓိပ္ပါယ်ပြည့်ဝသည့် စကားလုံး လေးလုံးဖြင့် " မြန်မာ မုဒိတာ လူငယ်များ အဖွဲ့" ဟူ၍ အမည်ပေးခဲ့ကြသည်။ ထို စကားလုံး လေးလုံးတို့တွင်......

"မြန်မာ" ဆိုသည်မှာ...
ထိုအဖွဲအစည်းမှ အဖွဲ့ဝင်များအားလုံးသည်လည်းကောင်း ထိုအဖွဲ့အစည်းထံမှ အကူအညီပေးမှုကို လက်ခံရယူသူများသည်လည်းကောင်း အားလုံး မြန်မာတိုင်းရင်းသားလူမျိုးများသာဖြစ်ကြသောကြောင့် မြန်မာဟူသော နာမည်ကို သုံးနှုန်းထားပါသည်။ 

"မုဒိတာ" ဆိုသည်မှာ...
ပါဠိစာလုံးဖြစ်သည်။ ၀မ်းမြောက်ခြင်း ၀မ်းသာခြင်းဟု အဓိပ္ပါယ်ရသည်။ ၀မ်းမြောက်ဝမ်းသာခြင်းသည် ရိုးရိုးဝမ်းမြောက်ဝမ်းသာခြင်းမဟုတ်။ သူတစ်ပါး ချမ်းသာသုခနဲ့ ပြည့်စုံနေသည်ကို မြင်ရခိုက် သူတို့နေရာ၌ ၀င်ရောက်ခံစားပြီး ထိုသူတို့နှင့် အတူတူ ၀မ်းမြောက်ဝမ်းသာ ဖြစ်ခြင်းကိုပင် ဆိုလိုသည်။ ဥပမာ အကူအညီလိုအပ်နေသူများ အကူအညီရရှိသောအခါ ၀မ်းသာမှု ဖြစ်သည်။ ထိုအကူအညီ ယူသူတို့၏ ၀မ်းသာမှုအား တန်ပြန်ဝမ်းသာသော အကူအညီပေးသူတို့၏ ၀မ်းသာမှုကိုပင် မုဒိတာဟု ခေါ်သည်။ ထို့ကြောင့် မုဒိတာ ဟူသော စကားလုံးကို သုံးနှုန်းထားပါသည်။

"လူငယ်များ" ဆိုသည်မှာ...
အဖွဲ့အစည်းထဲ ပါဝင်ဆောင်ရွက်သူများသည် လူငယ်များသာ ဖြစ်ကြသည်။ ကြီးကြီးမာစတာဟူ၍ တစ်ယောက်မှ မပါပါ။ ထို့ပြင် ဆောင်ရွက်သူများအားလုံးမှာ ဘ၀သမားတွေချည်း ဖြစ်ကြသည်။ သူဋ္ဌေးသူကြွယ်များ မဟုတ်ကြပါ။ (သူဋ္ဌေးသူကြွယ်များ ပါဝင်ခဲ့လျှင် ပိုကောင်းပါသည်။)။ ထို့ကြောင့် လူငယ်များ ဟူသည့် စကားလုံးကို သုံးနှုန်းထားပါသည်။

"အဖွဲ့"ဆိုသည်မှာ...
တစ်ဦးတစ်ယောက်ထဲမဟုတ်။ အဖွဲ့ဝင်များစွာဖြင့် ဖွဲ့စည်းထားခြင်းကို ဆိုလိုသည်။ အဖွဲ့ဝင်တွေထဲမှာ အင်္ဂလန် အမေရိကန် စင်္ကာပူ မလေးရှား ထိုင်ဝမ်စသည့် ကမ္ဘာ့နိုင်ငံ အသီးအသီးမှ စေတနာရှင်များစွာ ပါဝင်သည်။ နောက်ထပ် နိုင်ငံများမှ စေတနာရှင်များအနေဖြင့်လည်း " မြန်မာမုဒိတာလူငယ်များအဖွဲ့" သို့ အဖွဲ့ဝင်အဖြစ်ပါဝင်ဆောင်ရွက်လိုလျှင် လိုလိုလားလား ကြိုဆိုပါသည်။ ထိုကဲ့သို့ နိုင်ငံအသီးသီးမှ အဖွဲ့ဝင်များကို စုပေါင်းပြီး ဖွဲ့စည်းထားသောကြောင့် အဖွဲ့ဟူသော နာမည်ကို သုံးနှုန်းထားပါသည်။

ထို့ကြောင့် "မြန်မာမုဒိတာလူငယ်များအဖွဲ့" ဆိုသည်မှာ မြန်မာပြည်သားတို့မှ အကူအညီအမှန်တကယ် လိုအပ်နေသော မြန်မာပြည်သားတို့အား ၀မ်းမြောက်ကြည်နူးစွာ အကူအညီပေးရန် ဖွဲ့စည်းတည်ဆောက်ထားသော လူငယ်လူရွယ် အဖွဲ့အစည်းလေး  တစ်ခုပင် ဖြစ်လေသည်။

အဖွဲ့၏ ရယ်ရွယ်ချက်မှာ..
၁။ကူညီရေး
သဘာဝဘေးဒဏ်၊ သဘာဝမဟုတ်သည့် ဘေးဒဏ်တို့ကြောင့် ဆင်းရဲဒုက္ခ ရောက်နေကြသည့် မြန်မာပြည်သူ ပြည်သားတို့အား မိမိတို့ တတ်စွမ်းသလောက် ကူညီပေးရန်ဖြစ်သည်။

၂။ကျန်းမာရေး
သက်ကြီးရွယ်အိုများ၊ ရောဂါဘယကြောင့် ဝေဒနာကို ခံစားနေရသူများအား မိမိတို့ နိုင်သလောက် ဖြည့်စွက်ကူညီပေးရန် ဖြစ်သည်။

၃။ပညာရေး
ဆင်းရဲမှု ဒဏ်ချက်များကြောင့် ပညာသင်လိုလျှက် ပညာနဲ့ဝေးနေကြသည့် လူငယ်လေးများ၊ သို့မဟုတ် ထိုကဲ့သို့ လူငယ်များအား ပရဟိတကျောင်းဖွင့်ပြီး ကူညီပေးနေကြသော အဖွဲ့အစည်းများသို့ ပညာဒါနအနေဖြင့် စွမ်းနိုင်သလောက် ပေးလှူရန် ဖြစ်သည်။


"မြန်မာမုဒိတာလူငယ်များအဖွဲ့" အနေဖြင့် အဖွဲ့ဝင်သစ်များကိုလည်း လှိုက်လှိုက်လှဲလှဲ ဖိတ်ခေါ်ပါသည်။ စုပေါင်း၍ ကုသိုလ်လုပ်ကြခြင်းသည် ဘ၀ဆက်တိုင်း၌ အခြံအရံနှင့်တကွ ချမ်းသာကြွယ်ဝမှုကို ဖြစ်စေနိုင်ပါသည်။ မာဃလုလင်နှင့် သူ၏ အဖွဲ့ဝင်များကဲ့သို့ပင် ဖြစ်သည်။ "တစ်ယောက်ဆောင်သော်မရ တစ်သောင်း ဆောင်သော်ရ၏" ဟု ဆိုရိုးစကား ရှိလေသည်။ တစ်ဦးတစ်ယောက်ထဲ ပေးလှူဖို့ မတတ်နိုင်သော်လည်း စေတနာရှင် များစွာ ပေါ်ပေါက်လာလျှင် ပေးလှူဖို့ ထိုက်သင့်သလောက် ရရှိနိုင်ခြင်းကို ထိုဆိုရိုးစကားက သက်သေပြလေသည်။ ထို့ပြင် "တစ်စက် နှစ်စက်၊ ကြိမ်ကြိမ် တက်က၊အိုင်ဗွက်ချောင်းကန်၊ ရေပြည့်လျှံ၏"ဟူသော လင်္ကာလေးကို နှလုံးမူပြီး စေတနာရှင်များထံမှ အလှူငွေ အနည်းငယ်စီ ကောက်ခံလိုက်လျှင် စေတနာရှင်အနည်းအများပေါ် မူတည်ပြီး ထိုက်သင့်သည့် အလှူငွေကို ရမည်မှာ သေချာလေသည်။ ယခုဆိုလျှင် အဖွဲ့ဝင်များ၏ ဆောင်ရွက်မှုကြောင့်လည်းကောင်း နိုင်ငံအသီးသီးမှ အလှူရှင်များ၏ ပံ့ပိုးကူညီမှုကြောင့်လည်းကောင်း  စက်ဆန်းမီးဘေးကို အကြောင်းပြု၍ "မြန်မာမုဒိတာလူငယ်များအဖွဲ့"၏ ပထမခြေလှမ်းကို ကျပ်ငွေ နှစ်ဆယ့်တစ်သိန်းကျော် လှူဒါန်းဖြင်းဖြင့် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်လေသည်။

ထို့ကြောင့် "မြန်မာမုဒိတာလူငယ်များအဖွဲ့"မှ အဖွဲ့ဝင်များသည်လည်း ထိုထက်မက စေတနာသန့်သန့်ထာားးပြီး ဆက်လက်ဆောင်ရွက်ကြရန် တိုက်တွန်းပါသည်။ အဖွဲ့ဝင်မဟုတ်သေးသူများအားလည်း အဖွဲ့ထဲပါဝင်ပြီး အကျိုးဆောင်အဖြစ် ဆောင်ရွက်ပေးပါရန် ဖိတ်ခေါ်ပါသည်။ နိုင်ငံအသီးသီးမှ အလှူရှင်များကိုလည်း ထပ်မံပြီး အလှူငွေများကို မိမိတို့ နိုင်သလောက် ပေးလှူနိုင်ပါရန် အကျိုးမျှော်၍ နှိုးဆော်တိုက်တွန်းအပ်ပါသည်။ ။


လူငယ်မြန်မာ၊ မုဒိတာ၊ ကောင်းစွာ ဖွဲ့စည်းသည်။
ဖွဲ့စည်းအတွက်၊ ရည်ရွယ်ချက်၊ သုံးချက် ရှိလေသည်။
ကူညီ ကျန်းမာ၊ ကျောင်းပညာ၊ ရည်ကာ ပေးလှူမည်။
မုဒိတာမှ၊ လှူဒါန၊  အမျှပေးဝေမည်။
မုဒိတာဆောင်၊ လူတို့ဘောင်၊ အိုအောင်ချမ်းသာမည်။
မုဒိတာသုံး၊ လူ့နှလုံး၊ ရွှင်ပြုံးစေရမည်။


သာဓု သာဓု သာဓု...

မေတ္တာဖြင့်
အဖွဲ့ဝင်များအားလုံး ကိုယ်စား
(၂၁၊၀၁၊၂၀၁၂ စနေနေ့)

11 comments:

မဒမ်ကိုး said...

ဒီပိုစ်လေးအတွက် အရမ်းကျေးဇူးတင်ဝမ်းမြောက်မိပါတယ်ဘုရား
လက်အုပ်ချီမိုးရှိခိုးဦးတင်ကန်တော့ လျှက်

မဒိုးကန်

ညိမ်းနိုင် said...

တကယ်ကောင်းတဲ့ပို့စ်လေးပါဘုရား...၊ခုလို ပို့စ်ချီးမြှင့်
ပေးတဲ့အတွက် ကျေးဇူးတင်ရပါတယ်ဘုရား....။

ကိုရင် said...

ရောက်ပါတယ် မုဒိတာရေ..ဘာမှ မလုပ်ရသေးဘူး အရင် ပြေးပြေးကြည့်တာ :D

မီးမီးငယ် said...

နောက်ဆုံးစာပိုဒ်က
ကဗျာလေးကောင်းလိုက်တာ..။
ရှိခိုးဦးတင်ပါတယ်ဘုရား..။

San San Htun said...

ဝမ်းမြောက်ပါဘိ ဘုရား

Thameesan said...

ဝမ်းမြောက်ဝမ်းသာ....သာဓုအနုမောဒနာ
ခေါ်ဆိုသွားပါတယ်ဘုရာ့
မြန်မာမုဒိတာလူငယ်များ
ပရဟိတအကျိုး..
ဆထက်တန်ဖိုး.ထမ်းဆောင်နိုင်ကြပါစေ။

ရိုသေလေးစားလျှက်

blackroze said...

ပစ်ပစ်လည်းလာသွားပါတယ် ဘုရား

Anonymous said...

တင်ပ ဘုရား ဦးပဇင်းနဲ့ ကိုကိုရင် တပည့်တော်လည်း ပြေးပြေး လာကြည့်တာပါဘုရား ဒို့ တာဝန်အရေး၃ပါးကြောင့် အလုပ်များနေရပါတယ်ဘုရားးးး

ကိုဝသုန် said...

မင်္ဂလာပါ မြန်မာမုဒိတာလူငယ်များအဖွဲ့ခင်ဗျာ ..

အခုလို မြန်မာပြည်အကျိုးကို ရည်ရွယ်တဲ့ ပရဟိတအဖွဲ့ တစ်ဖွဲ့တိုးပွားလာတာ ဝမ်းမြောက်ပီတိဖြစ်စရာပါ ..ရည်ရွယ်ချက်ခြင်း ဆင်ဆင်တူနေတာမို့ ကျွန်တော်တို့ စိမ်းလန်းမြေရဲ့ ဆက်နွယ်စာမျက်နှာများ (http://seinlanmyay.org/index.php?option=com_content&view=article&id=5&Itemid=6) အောက်မှာ ထည့်သွင်းဖော်ပြပေးထားပါတယ် ..ပူးပေါင်းလက်တွဲဆောင်ရွက်လိုတဲ့ ပရဟိတ လုပ်ငန်းများ ရှိပါက ကျွန်တော်တို့ အဖွဲ့ရဲ့ တာဝန်ခံများကို ဆက်သွယ်ပေးပါ ..စုပေါင်းအားဆိုတာ တစ်ဖွဲ့ခြင်း တစ်ယောက်ခြင်းထက်ပို ကြီးပါတယ် .. အစစ အဆင်ပြေတိုးတက်နိုင်ကြပါစေ ..

လေးစားလျှက်

စိမ်းလန်းမြေ (စင်ကာပူအဖွဲ့ခွဲ)

ချစ်စံအိမ် said...

ဆိုဒ်လေးကိုအခုမှရောက်ဖြစ်ပါတယ် ဘုရား
ဝမ်းသာပီတိဖြစ်မိပါကြောင်းနှင့်
စိတ်ဝင်တစားရှိပါကြောင်း

@share@ said...

ဝမ်းသာပီတီဖြစ်မိပါတယ် ဘုရား