“အုဌ်ချပ်ကလေးများ စုစည်းအား တံတားတိုက်တာ တည်နိုင်သည်။ အုဌ်ချပ်ကလေးများ ပြိုကွဲသွား တံတားတိုက်တာပြိုနိုင်သည်”။
လောကသားတို့ဆိုကြသည့် အုဌ်တစ်ချပ် သဲတစ်ပွင့်၏ စွမ်းအားသည် မည်မျှကြီးမားကြောင်း အထက်ပါ စကားရပ်လေးက ရည်ညွန်းသက်သေ ထူလျက်ရှိပါသည်။ သဲတစ်ပွင့်သည် တစ်ပွင့်တည်း သူ့ချည်းသက်သက်ရှိနေလျှင် သူ့အစွမ်း သူ့တန်ဘိုးသည် မထင်မရှားကွယ်ဝှက်ပျောက်ကွယ် -နေမည်။ အုဌ်တစ်ချပ်မှာလည်း သူချည်းသက်သက် တစ်ချပ်တည်းရှိနေလျှင် တံတားတိုက်တာမဖြစ်နိုင်ပေ (ဝါ) တံတားတိုက်တာအတွက် အသုံး ပြုရန် မလုံလောက်ပေ။ ထို့ကြောင့် အုဌ်ချပ်ကလေးတွေ၊ သဲပွင့်ကလေးတွေ စုစည်းမိဖို့လိုပေသည်။ထို့ကြောင့် အုဌ်တစ်ချပ် သဲတစ်ပွင့်ဆိုသည် အရှိအတိုင်း မိမိတို့ရဲ့ဝေါဟာရအောက်မှာ တိမ်မြုပ်မနေစေပဲ “အုဌ်တစ်သဲတစ်ပွင့်..အုဌ်တစ်ချပ်သဲတစ်ပွင့်” စသည်ဖြင့် တူရာတူရာပေါင်းစည်းကာ “အုဌ်ချပ်ပေါင်းများစွာ သဲပွင့်ပေါင်းများစွာ” စုစည်းမိကြလျှင်ကား အဘယ်မျှ စွမ်းအားကြီးကြလိမ့်မည်နည်း။ တန်ဘိုးမဖြတ်နိုင်အောင်ပင် အုဌ်တစ်ချပ်ချင်း သဲတစ်ပွင့်ချင်းစီရဲ့ အရည်အသွေးတို့သည် အထင်အရှား တိုက်အိမ် တံတားကြီးတွေစသည်အဖြစ် ပေါ်ပေါက်လာကြပါလိမ့်မည်။
တကယ်တော့လည်း ကျွန်ုပ်တို့ကိုယ်တိုင်သည်ပင်လျှင် တစ်ဦးချင်းတစ်ဦးချင်း အုဌ်တစ်ချပ်လည်းဖြစ် သဲပွင့်လေးတွေလည်း ဖြစ်ကြပါသည်။ ကျွန်ုပ်တို့ဘဝ ကျွန်ုပ်တို့ကိုယ်ပိုင်လောကလေး၌သာ စွမ်းနိုင်မှုအတိုင်း အတာလျောက် တန်းခိုးစွမ်းအား အာဏာပါဝါ သြဇာညောင်းချင် ညောင်းပေ မည်။ ကိုယ့်ဘဝ ကိုယ့်လောက ကိုယ်ပိုင်ဆိုင်ရာမှ အပဖြစ်သော နယ်ပယ်ဝန်းကျင်၌ ကိုယ့်အာဏာပါဝါ သြဇာမသက်ရောက်နိုင်တော့ပေ။ သူလည်း သူ့အစွမ်းအစ၊ ကိုယ်လည်း ကိုယ့်အစွမ်းအစမျှသာ ရှိလေသလိုပင်။ သူ့အစွမ်းကိုယ့်စွမ်း ပေါင်းစပ်လိုက်လျှင်ကား သူစွမ်းသလောက် ကိုယ်လည်း စွမ်းလာသလို ကိုယ်စွမ်းသလောက်လည်း သူစွမ်းလာပါလိမ့်မည်။ ဆိုလိုချင်တာက အုဌ်ချပ်အားလုံး သဲပွင့်အားလုံးကို ပေါင်းစည်းလိုက်ခြင်းသည် တံတား တိုက်တာ အဆောက်အဦတွေ ထည်ထည်ဝါဝါပေါ်ပေါက်လာဖို့ အကြောင်းဖြစ်သကဲ့သို့ ကျွန်ုပ်တို့ တစ်ဦးချင်း တစ်ယောက်ချင်း တစ်ပိုင်တစ်နိုင်အဖြစ် စိတ်ဆန္ဒတူစွာ ပေါင်းစည်းလိုက်ခြင်း ပေါင်းစည်းနိုင်ခြင်းအားသည်လည်း ကျွန်ုပ်တို့ကိုယ်တိုင်နှင့် ကျွန်ုပ်တို့ဝန်းကျင် ရပ်ရွာ နယ်ပယ်အသီးအသီး၊ ကျွန်ုပ်တို့ရဲ့ ဒီကမ္ဘာလောကကြီးဟာလည်း (ကျွန်ုပ်တို့ပေါင်းစည်းအားနှံ့ရာပေါ့) ခန့်ညားထည်ဝါလာမည်မလွဲပါ။ ထို့ကြောင့် အားလုံးကိုယ်စီ ကိုယ်စီပင် အုဌ်ချပ် သဲပွင့်များဖြစ်ကြပါသည်။
“အတ္တ ပရ ဒီလောကသည် အလှညီသော်”
“ခက်ခဲနက်နဲသော ပြဿနာပေါင်းသောင်းခြောက်ထောင်တွေထဲ ဖြစ်သန်းစီးဆင်းရဖန်များလာသောအခါ ကျွန်ုပ်တို့တတွေဟာ လွယ်ကူရိုးရှင်း တာလေးတွေကို အမှုမဲ့အမှတ်မဲ့ပစ်ထားမိတတ်ကြတယ်”
လောက၌ အကောင်းအဆိုး မည့်သည့်လုပ်ငန်းရပ်တိုင်းမှာမဆို ကိုယ့်အတွက်နှင့် တစ်ပါးသူအတွက်ရယ်ဆိုပြီး လုပ်ငန်းနှစ်ချက်ပဲရှိပါတယ်။တစ်ခါ တလေမှာဆို ကိုယ့်အတွက်ရည်ရွယ်ထားတာတွေက တစ်ပါးသူတွေအတွက်ဖြစ်သွားတတ်သလို တစ်ပါးသူတို့အတွက် လုပ်ကိုင်ဆောင်ရွက်ရင်း ကလည်း ကိုယ့်အတွက်တွေချည်း ဖြစ်ဖြစ်နေတတ်ပြန်ပါတယ်။ဒါတွေက လောကမှာ ဖြစ်လေ့ဖြစ်ထဆိုတာထက် ဖြစ်ကိုဖြစ်ရမယ့်အရာတွေပါ။ အကောင်းဘက်ကို ဦးတည်မှုနဲ့ မကောင်းဘက်ကိုဦးတည်မှု ဒီနှစ်ခုနဲ့သာ ဆုံးဖြတ်ကြရမှာပါ။ အရိုးရှင်းဆုံး ဥပမာဆိုကြပါစို့……မိမိအတွက် ရည်ရွယ်သိမ်းဆည်းထားသော အသုံးအဆောင် ငွေ ကြေး ဥစ္စာ အစစအရာရာတွေပေါ့၊ ပြီးတော့ ကိုယ်အား ဉာဏ်အား ၊ ဒါတွေဟာ ကိုယ်အတွက် တစ်ပါးသူတွေအတွက် (ဝါ) အတ္တဟိတ၊ ပရဟိတ ဒီနှစ်ခုအတွက်ပဲ အသုံးဝင်တာပါ။ ထို့ထက်ပို၍ သုံးစရာ နေရာ ရှာမရပါဘူး။ ရှိလည်းမရှိဘူးလို့ ထင်ပါတယ်။
ဒီတော့ ထိုအရာတွေကို ကျွန်ုပ်တို့ ဘယ်လိုအသုံးပြုမလဲ။ ထိုအရာတွေနဲ့ ဘယ်နေရာတွေမှာ ဘာအတွက် ဘယ်သူ့အတွက် အသုံးချကြမလဲဆိုလျှင်… ကျွန်ုပ်တို့ကိုယ်တိုင်အတွက်နဲ့ အခြားတပါးသောသူတို့အတွက်သာ အသုံးချစရာသာရှိပါတယ်။ ဒီအပြင် အခြားဘာအတွက်မှ အသုံးချစရာနေရာ မရှိပါဘူး။ အခုရိုးရင်းတာလေးတွေကို အခုလိုရိုးရိုးရှင်းရှင်းလေးသာ ကျွန်ုပ်တို့ တွေးနေမိမယ်ဆိုလျှင်… ကျွန်ုပ်တို့ရဲ့ နေ့စဉ်နှင့်အမျှ ဝင်သက် ထွက်သက်တိုင်းဟာ အမှုမဲ့အမှတ်မဲ့နယ်ကိုလွန်လျက် ဝင်သက်ထွက်သက်တိုင်း လူ့ဘဝရဲ့အဓိပ္ပါယ်တွေနဲ့ ပြည့်စုံလေးနက်နေမှာ အမှန်ပါပဲ။ ဘယ်လောက်တောင် ပီတိဖြစ်စရာကောင်းလိုက်သလဲလို့..တွေးကြည့်လိုက်ရုံနဲ့ ကြက်သီးမွှေးညှင်းထလောက်ပါတယ်။ ဆိုလိုတာက အတ္တ ပရ အကျိုးမျှမျှ အသုံးချကြမည်ဆိုလျှင် လောကတစ်ခွင်ကို အလှဆင်လိုက်သလိုပါပဲ။
နိဂုံးချုပ်ဆိုရသော် အထက်ပါ စကားတို့ကိုပဲ ပြန်လည်ခြုံငုံ၍ ပြောရပါမည်။ လူသားတို့မှာ အကောင်းဘက် မကောင်းဘက်နှင့် ကိုယ့်အကျိုး (အတ္တဟိတ)၊ သူ့အကျိုး(ပရဟိတ)ဆိုပြီးအသီးအသီး ရှိကြရင်းစွဲဖြစ်ပေရာ ထိုတွင် ကောင်းမှု မကောင်းမှုနှစ်မျိုးကို အတ္တဟိတနှင့် ပရဟိတဟူသော ပြုမူကျင့်ဆောင်မှု လုပ်ငန်းနှစ်မျိုးတို့က သတ်မှတ်ပြဋ္ဌာန်းလိုက်ပါသည်။ တွေးကြည့်ပါ။ ဆင်ခြင်စူးစမ်းကြည့်ပါ။ ဤသို့ပင် အဖြေထွက်လာပါလိမ့်မည်။ အတ္တဟိတမှာ ကောင်းသော မကောင်းသော အပြုအမူလုပ်ငန်းတို့ ရောပြွမ်းနေနိုင်ပေမယ့် ပရဟိတဆိုတဲ့ သူတစ်ပါးတွေ အကျိုးစီးပွားဖြစ်ထွန်းစေဖို့၊ စား,နေ,ဝတ် ကိစ္စတွေ ပြေလည်စေဖို့ ဆောင်ကျဉ်း ပြုစုဝေမျှ ပေးခြင်းတွေကတော့ဖြင့် ကောင်းမှုအနှစ်တွေချည်းသာဖြစ်ပါတယ်။ ကိုယ်စိတ်နှလုံး ရွှင်ပြုံးကြည်လင် ဖွယ်ရာတွေခည်းသာဖြစ်ပါတယ်။
ဆိုတော့ကား ရဟန်း၊ရှင်၊လူ မည်သူတွေတိုင်းမှာမဆို ဘဝရှင်သန်ရပ်တည်ကြရာမှာ အတ္တ၊ပရ လုပ်ငန်းနှစ်မျိုးတို့ဖြင့်သာ ရပ်တည်လှုပ်ရှား ကြဉ်လည် -နေကြရမြဲဖြစ်လို့ ကင်းနိုင်စကောင်းသော အရာများတော့ မဟုတ်ကြပါပေ။ ကိုယ့်ဟိတ သူ့ဟိတနှင့် ကိုယ့်ဒုက္ခ သူ့ဒုက္ခ နယ်ပယ်ထဲတွင် ပွေလီ လိမ်ယှက်နေကြသူတွေချည်းပင်ဖြစ်ပါသည်။ ထို့ကြောင့် သူသူငါငါ ဘယ်သူမဆို ယေဘုယျ(များသောအားဖြင့်) သူတစ်ပါးအတွက်ထက် ကိုယ့် အတွက်ကို ရာနှုံးမျာများ ဦးစားပေးရုန်းကန်ကြရသည်မှလည်း လောကီလူသားတို့၏ နိယာမတရားပင်ဖြစ်လေရာ….. အေးလေသည့်ရေချမ်းအိုးမှ စိမ့်ထွက်သည့်သဘောမျိုးလောက် အပဟိတ(ပရဟိတ) အတွက် ကိုယ့်အကျိုး ကိုယ့်အဖို့ထဲက စိမ့်ထွက်ပေးနိုင်ပါသေးသည်။ ဤကဲ့သို့ ရေချမ်းအိုး တမျှ အပြင်ပသို့ စိမ့်ယိုအေးမြမှုပေးနိုင်ခြင်း မေတ္တာ စေတနာလေးသည်ပင်လည်း ဂုဏ်သတ္တိထူး၍ အလွန်တရာမှ တန်းဘိုးရှိလှပါသည်ဟု ဆိုချင် ပါသည်။
ထို့ကြောင့် ကိုယ်တည်းဟူသော ရေချမ်းအိုးဖြင့် ပြင်ပဝန်းကျင်သို့ (ဝါ) ကိုယ့်ထက် ကာယ စိတ္တ ဉာဏနှင့် စား,နေ,ဝတ် ချိနဲ့ချို့တဲ့ သူတို့အပေါ်၌ -မေတ္တာတရား ကိုယ်ချင်းစာနာတရားတို့ သဒ္ဓါငြီးငြီး ယိုဖိတ်လျက် အေးမြမှုတွေ ပေးနိုင်ကြပါစေကြာင်း ဆန္ဒပြုလျက်….ပြီးတော့ ယခုကဲ့သို့ မိမိတို့ နိုင်ရာ တစ်ပိုင်တစ်နိုင် ညီညီညွတ်ညွတ် စုစုစည်းစည်း ပရဟိတကောင်းမှုပြုကြတဲ့ အလှူရှင် လူကြီးလူငယ်တို့နှင့် ဘလော့ဂါ ညီအစ်ကိုမောင်နှမ အပေါင်းတို့ကို အားပေးလျက် ဂုဏ်ယူဝမ်းမြောက်စွာ သာဓုခေါ်ပါသည်။
“ စိမ့်အေးသည်မျိုး ရေချမ်းအိုးပမာ စိမ့်ကာမျှလောက် ရေတစ်ပေါက်သို့ စိမ့်ယိုချစ်ခြင်း မေတ္တာချဉ်းလျက် သွေးရင်းပမာ သူတကာကို စာနာယိုစိမ့် ကျိုးရှိစိမ့်လည်း ခြိမ့်ခြိမ့်မြည်ဟီး ဂုဏ်ရောင်ငြီး၏ ။”
ဤလောကမယ် သူ့ဝယ်ကိုယ့်လောက်
စွမ်းထောက်တည်ရာ မရှိပါမူ
လူလူလူချင်း ကိုယ်ချင်းစာတတ်
ကျင့်မြတ်ပိုက်ထွေး နွေးထွေးသမှု
ပြုစုပေးကမ်း ဝေခြမ်းမျှဝေ
ဒို့တစ်တွေထမ်း လျှောက်သည့်လမ်းသည်
လူမြတ်လမ်းစဉ်လမ်းကောင်းတည်း။”
အရှင်သုဇာတ
အိန္ဒိယနိုင်ငံ၊ နာလန္ဒာတက္ကသိုလ်
No comments:
Post a Comment